သွားတွေ ဝါကျင်ကျင်ဖြစ်နေတာ သဘာဝပဲလား၊ ဒါမှမဟုတ် ကျန်းမာရေးပြဿနာလား
ကြော်ငြာတွေထဲမှာ ကြည့်လိုက်ရင်တော့ မင်းသား၊ မင်းသမီးတွေက သွားတွေဖြူဖွေးပြီး ကြွေသွားလေးတွေလို ဖြစ်နေတာပဲ၊ ကိုယ့်သွားကျတော့မှ ဝါပြီး အရောင်မှိန်နေရတာနဲ့ ပုံမှန်ပဲလား၊ ပြဿနာတစ်ခုခုရှိနေလားလို့ ဝေခွဲမရ သံသယစိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပြပေးရမယ်ဆိုရင် -
၁။ သာမန်လူတစ်ယောက်ရဲ့ သွားဟာ ဖြူဖွေးစွတ်နေတာမျိုး မရှိသလောက် ရှားပါတယ်။ မွေးလာကတည်းက သွားမှာ အရောင်တော့ အနည်းငယ်ပါလာတတ်ပြီး အာရှလူမျိုးတွေဟာ အနောက်တိုင်းလူမျိုးတွေထက် သွားအရောင် ပိုဝါပြီး မှိန်တတ်ပါတယ်။
၂။ တစ်ခါတလေ နေ့စဉ်နဲ့အမျှ ကိုယ်စားလိုက်တဲ့ အစားအစာတွေကနေ ရောင်ခြယ်ဓာတ်တွေ သွားမှာကပ်ငြိပြီး ကြာလာရင်လည်း သွားဝါလာတတ်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီး၊ ဟင်းခတ်မှုန့်၊ ဘယ်ရီသီးတွေ၊ ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေဟာ သွားကို ဝါစေတဲ့ အဓိကအစားအစာတွေထဲမှာ ပါဝင်ပါတယ်။
၃။ သွားအတွင်းက Dentin လို့ခေါ်တဲ့ ကြွေလွှာဟာ အဝါရောင်ရှိပြီး အသက်ကြီးလာတာနဲ့အမျှ အပေါ်ယံ သွားကြွေလွှာတွေ ပါးလာတဲ့အခါ Dentin အလွှာက ပေါ်လာတတ်လို့ သွားက ဝါလာတယ်လို့ ထင်ရပါတယ်။
၄။ တချို့တွေမှာ မျိုးရိုးဗီဇကြောင့် သွားက သူများထက် ပိုဝါနေတာမျိုးလည်း ရှိပါတယ်။
သွားဝါတာ ပုံမှန်ပဲလား?
ကိုယ့်ရဲ့သွားက ဖြူဖွေးမနေဘဲ ဝါကျင်ကျင်အရောင် အနည်းငယ်ရှိနေတာက ပုံမှန်အတိုင်းပါပဲ။ အကယ်လို့ ကိုယ့်သွားပေါ်မှာ တခြားသွားပိုးပေါက်တွေ၊ သွားပိုးစားတာ၊ ခံတွင်းအနံ့ဆိုးထွက်နေတာ၊ ကြွေလွှာပါးနေတာ၊ ခံတွင်းပြဿနာတစ်ခုခုရှိတယ်ဆိုရင်တော့ ဒီအကြောင်းတွေကြောင့် သွားဝါတာဖြစ်နိုင်တဲ့အတွက် သွားဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ များသောအားဖြင့်တော့ ခံတွင်းဝါတာကြောင့် စိုးရိမ်စရာလည်း မလိုအပ်သလို ကိုယ့်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတာမျိုးလည်း မဟုတ်နိုင်ပါဘူး။
သွားဝါတာက ကိုယ့်အတွက် စိတ်အနှောင့်အယှက်တစ်ခုလို ဖြစ်နေပြီလား?
ဘယ်လောက်ပဲ ကျန်းမာရေးပြဿနာမဟုတ်ပါဘူးလို့ပဲ ပြောပြော၊ ပြစ်မျိုးမှဲ့မထင် အလှမျိုးကိုမှ ကြိုက်နှစ်သက်သူတွေအတွက်တော့ သွားဝါတာက တကယ့်ပြဿနာကြီးတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ ဒီအတွက် ကိုယ်က ဒါကို ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ သေချာပြသပြီး ကိုယ်နဲ့သင့်တော်တဲ့ ကုထုံးနဲ့ ကုသမှုခံယူနိုင်ပါတယ်။ ဒီကုထုံး နည်းလမ်းတွေထဲမှာ -
- သွားအံကပ် စွပ်တာ
- သွားဖြူဆေး အသုံးပြုတာ
- လေဆာနဲ့ သွားဖြူအောင် လုပ်တာ
- ပုံမှန်တပ်ထားရတဲ့ သွားအစွပ်စွပ်တာ စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။
ဒီနည်းလမ်းတွေဟာ ထိရောက်မှုရှိလား?
များသောအားဖြင့်တော့ ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သွားဖြူစေတဲ့ ကုထုံးကို ခံယူနေပြီဆိုရင်တော့ သွားကို အစွန်းအထင်းဖြစ်စေတဲ့ ဘယ်လိုအစားအသောက်မျိုးကိုမဆို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။ သွားအရောင်စွန်းတာ များလာပြီဆိုရင်တော့ ကုထုံးအာနိသင်က ပျောက်သွားပြီး နဂိုသွားအရောင်အတိုင်း ပြန်ဖြစ်သွားနိုင်တယ်ဆိုတာတော့ သတိပြုသင့်ပါတယ်။ ဒီသွားဖြူစေတဲ့ ကုထုံးတွေနဲ့ ကုသမှုခံယူပြီဆိုရင်တော့ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေအားလုံးကို သွားဆရာဝန်ကနေ ပြောပြပေးမှာဖြစ်ပါတယ်။
ဘယ်မှာ သွားဖြူအောင် လုပ်နိုင်လဲ?
သွားဆေးခန်းအများစုမှာ သွားဖြူအောင် လုပ်နိုင်ပါတယ်။ အဓိက ကိုယ့်ရဲ့သွားနဲ့ခံတွင်း အခြေအနေနဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် သွားဖြူစေတဲ့ ကုထုံးကို လမ်းညွှန်ပေးမှာဖြစ်ပြီး ကိုယ့်အနေနဲ့ အဆင်ပြေတာကို ရွေးချယ်နိုင်ပါတယ်။
နောက်ဆုံးအချုပ်အားဖြင့် ပြောရမယ်ဆိုရင် သွားဝါခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျန်းမာရေးအရ စိုးရိမ်စရာမရှိတာကြောင့် အလှအပအကြောင်းပြချက်နဲ့ တခြားကျန်းမာရေးပြဿနာတွေကြောင့်ကလွဲရင် မဖြစ်မနေ သွားဖြူအောင် လုပ်ဖို့ လုံးဝမလိုအပ်ဘူးဆိုတဲ့အကြောင်း မှာကြားလိုက်ပါရစေခင်ဗျာ။
ရဲမျိုးမြတ်
ee 12 Jul 2023 |